လတ်တလောလတွေအတွင်း YouTube Shorts တွေကို ကြည့်ရှုရင်း လူနဲ့တူပြီး လူအစစ်မဟုတ်သလိုမျိုး ထူးဆန်းပြီး ကြည့်ရတာ စိတ်ထဲမှာ တစ်မျိုးဖြစ်စေ ခံစားမှုကို သတိထားမိကြပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ YouTube သုံးစွဲသူအများအပြားဟာ ဗီဒီယိုတွေမှာ ထူးဆန်းတဲ့ အရည်အသွေးတူညီမှုတွေကို သတိပြုမိလာပြီး ဒါဟာ YouTube ဘက်က တိတ်တဆိတ်ပြုလုပ်နေတဲ့ စမ်းသပ်မှုတစ်ခုရဲ့ ရလဒ်ဖြစ်ကြောင်း သိရှိလာရပါတယ်။
ဘာတွေထူးဆန်းနေတာလဲ?
သုံးစွဲသူတွေရဲ့ ပြောကြားချက်အရ "enhance" လုပ်ထားတဲ့ ဗီဒီယိုတွေမှာ "ပိုပြီးထင်းနေတဲ့ အရိပ်တွေ၊" "ထက်ရှနေတဲ့ အနားသတ်တွေ၊" နဲ့ "ပလတ်စတစ်ဆန်တဲ့ ပုံစံ" တွေကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။ တချို့ creator တွေကလည်း သူတို့ရဲ့ဗီဒီယိုတွေမှာ အဝတ်အစားပေါ်က အရေးအကြောင်းတွေက ပိုထင်းနေပြီး၊ လူရဲ့အသားအရေကလည်း မူမမှန်လောက်အောင် ချောမွေ့နေကာ၊ မျက်နှာအနားသတ်တဝိုက်မှာ ပုံပျက်နေတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့ ထောက်ပြကြပါတယ်။ ဒီလိုဖြစ်နေတာက ကြည့်ရှုသူတွေက သူတို့ကိုယ်တိုင် AI သုံးထားတယ်လို့ ထင်မှာကို စိုးရိမ်နေကြပါတယ်။
ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ YouTube ဟာ creator တွေရဲ့ ဗီဒီယိုတွေကို upload တင်ပြီးတဲ့နောက်မှာ ကြိုတင်အသိပေးခြင်း ဒါမှမဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ဖြစ်ပါတယ်။
YouTube ရဲ့ တရားဝင်ရှင်းလင်းချက်
ဒီကိစ္စနဲ့ပတ်သက်ပြီး YouTube ရဲ့ Head of Editorial ဖြစ်သူ Rene Ritchie က X (Twitter) မှာ အခုလို ရှင်းလင်းခဲ့ပါတယ်- "ကျနော်တို့က YouTube Shorts တချို့မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်နေပါတယ်။ အဲ့ဒါကတော့ ဗီဒီယိုတွေကို ပိုကြည်လင်ပြတ်သားလာအောင်၊ ဝါးနေတာတွေနဲ့ noise တွေကို လျှော့ချဖို့အတွက် 'traditional machine learning' နည်းပညာကို အသုံးပြုနေတာပါ" လို့ ဆိုပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဒီအချက်ကို ပိုမိုရှင်းလင်းအောင် "ဒီ enhance လုပ်တာတွေက generative AI နဲ့ လုပ်ဆောင်တာ လုံးဝမဟုတ်ပါဘူး" လို့ အတိအလင်းပြောကြားခဲ့ပါတယ်။ YouTube ဘက်က "AI" ဆိုတဲ့စကားလုံးကို တမင်ရှောင်သုံးပြီး "traditional machine learning" လို့ သုံးနှုန်းပြောဆိုနေတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ သုံးသပ်ချက်
ဒီစမ်းသပ်မှုဟာ ဇွန်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သုံးစွဲသူအချို့ကတော့ ဒါဟာ AI-style effect တွေကို ပရိသတ်တွေ ယဉ်ပါးသွားအောင်နဲ့ လက်ခံလာအောင် YouTube ဘက်က တမင်လုပ်ဆောင်နေတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုလို့တောင် သုံးသပ်နေကြပါတယ်။
အကောင်းဘက်ကကြည့်ရင်တော့ ဒီဖြစ်ရပ်က လူအများစုဟာ အရည်အသွေးမမီတဲ့ ဒါမှမဟုတ် သဘာဝမကျတဲ့ "AI slop" တွေကို လက်မခံဘူးဆိုတာကို ပြသနေပါတယ်။ ဘာပဲဖြစ်ဖြစ်၊ YouTube အနေနဲ့ creator တွေရဲ့ မူရင်းဗီဒီယိုတွေကို သူတို့သဘောနဲ့သူတို့ ဝင်ရောက်ပြင်ဆင်နေတာကို ရပ်တန့်ပြီး မူလအတိုင်းပဲ ထားပေးသင့်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။