ကျနော်တို့ မြန်မာပြည်က Consumer တွေ 2025 ခုနှစ်အတွက် ဘာတွေစဉ်းစားနေလဲ၊ ဘာတွေဖြစ်ချင်နေလဲဆိုတာကို Standard-Insights က Survey တစ်ခုလုပ်ထားတယ်ဗျ။ လူ ၅၀၁ ယောက်ကို မေးထားတာဆိုတော့ တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဗျ။ အဲ့ဒီထဲက အဓိကအချက်တွေကို ကျနော် ပြန်ပြောပြမယ်။
ခြုံငုံကြည့်ရင် စိတ်ဓာတ်တွေကျနေကြလား
ပထမဆုံး ပြောရရင်၊ လူအများစုက ၂၀၂၄ မှာ ကိုယ့်ရဲ့ တစ်ပိုင်တစ်နိုင်အခြေအနေကို ‘အဆိုးအကောင်းမပြောနိုင်ဘူး’ (Neutral) လို့ပဲ သတ်မှတ်ကြတယ်ဗျ။ ဒါပေမဲ့ နိုင်ငံရဲ့ အခြေအနေကိုတော့ တော်တော်များများက ‘ဆိုးတယ်’ ဒါမှမဟုတ် ‘အရမ်းဆိုးတယ်’ လို့ မြင်ကြတယ်။ ၂၀၂၄ မှာ အဓိကကြုံခဲ့ရတဲ့ စိန်ခေါ်မှုက ဘာလဲမေးတော့ ‘ငွေရေးကြေးရေးအခက်အခဲ’ လို့ ဖြေတာက အများဆုံးပဲဗျ (၅၀၁ ယောက်မှာ ၂၆၇ ယောက်)။
၂၀၂၅ အတွက် ပိုက်ဆံကို ဘယ်လို Plan လုပ်ထားလဲ
ဒီလိုအခြေအနေမှာ ၂၀၂၅ အတွက် ဘာတွေ plan လုပ်ထားလဲဆိုတော့ အများစုက ‘အရေးပေါ်သုံးဖို့ ပိုက်ဆံစုတာ’ (၃-၆ လစာလောက်) နဲ့ ‘အိမ်တို့ကားတို့လို အကြီးစားဝယ်ဖို့ ပိုက်ဆံစုတာ’ ကို အဓိကထားတယ်ဗျ။ ဒါက ဘာကိုပြလဲဆိုတော့ လူတွေက စွန့်စားတာတွေထက် တည်ငြိမ်မှုနဲ့ လုံခြုံမှုကို ပိုအာရုံစိုက်လာကြတယ်ဆိုတာ မြင်သာတယ်ဗျ။
ဝယ်နိုင်အားက ဘယ်လိုအခြေအနေရှိလဲ
ဒီအချက်ကတော့ ကျနော်တို့လို လုပ်ငန်းတွေအတွက် စဉ်းစားစရာပဲဗျ။ မနှစ်ကနဲ့ယှဉ်ရင် ကိုယ့်ရဲ့ ဝယ်နိုင်အားက ‘တော်တော်ကျသွားတယ်’ ဒါမှမဟုတ် ‘နည်းနည်းကျသွားတယ်’ လို့ဖြေတဲ့သူက အများစုပဲ။ ၂၀၂၅ မှာရော ဘယ်လိုဖြစ်မလဲဆိုတော့ ‘နည်းနည်းကျမယ်’ ဒါမှမဟုတ် ‘တော်တော်ကျမယ်’ လို့ မျှော်လင့်ထားတဲ့သူက များနေတုန်းပဲဗျ။ ဝယ်လိုအားဘက်မှာတော့ သိပ်အားတက်စရာမရှိသေးဘူးလို့ ပြောရမယ်။
AI ကို စိတ်ဝင်စားကြလား၊ အလုပ်ပြုတ်မှာရော ကြောက်နေလား
နည်းပညာပိုင်းမှာတော့ AI ကို အလုပ်နဲ့ စာအတွက် သုံးဖို့ စိတ်ဝင်စားတဲ့သူ တော်တော်များတယ်ဗျ (၂၃၈ ယောက်)။ ဒါပေမဲ့ တကယ်တမ်း ‘တခါတလေသုံးတယ်’ ဆိုတာက ၇၆ ယောက်၊ ‘အမြဲသုံးတယ်’ ဆိုတာက ၁၃ ယောက်ပဲ ရှိသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက လူတော်တော်များများက AI က သူတို့အလုပ်ကို လာလုသွားမှာကို စိုးရိမ်နေကြတယ် (၇၅ ယောက်)။
ကားဝယ်နိုင်ကြရဲ့လား
ကားကိစ္စကို ကြည့်လိုက်ရင်တော့ လူအများစုကြီးက ကားမပိုင်ကြဘူးဗျ (၅၀၁ ယောက်မှာ ၄၂၇ ယောက်)။ အဓိကအကြောင်းရင်းကတော့ ‘မတတ်နိုင်လို့ပါ’ တဲ့ (၃၅၂ ယောက်)။ နောက်နှစ်ထဲမှာ ကားဝယ်ဖို့ အစီအစဉ်ရှိလားမေးတော့လည်း ‘မဝယ်ဘူး’ ဒါမှမဟုတ် ‘မသေချာဘူး’ လို့ဖြေတာက အများစုဖြစ်နေတယ်ဗျ။
ဒါတွေက ဘာကိုပြနေလဲ
ခြုံပြောရရင်တော့ မြန်မာ Consumer တွေက ၂၀၂၅ ကို တော်တော်လေးသတိထားပြီး ချဉ်းကပ်နေတယ်လို့ မြင်တယ်ဗျ။ ငွေရေးကြေးရေးလုံခြုံမှုကိုပဲ အဓိကထားနေကြတယ်။ ဝယ်နိုင်အားကျဆင်းနေတာကြောင့် မဖြစ်မနေလိုအပ်တာကလွဲပြီး အကြီးအကျယ်သုံးစွဲဖို့ တွန့်ဆုတ်နေကြတယ်။ AI လို နည်းပညာအသစ်တွေကို စိတ်ဝင်စားပေမယ့် ကိုယ့်အလုပ်အကိုင်အတွက် စိုးရိမ်စိတ်လည်း ရှိနေကြတယ်။ ဒါကြောင့် ကိုယ့် Brand အနေနဲ့ ဒီလိုအချိန်မှာ Customer တွေအတွက် တကယ်တန်ဖိုးရှိတဲ့၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို နားလည်ပေးနိုင်တဲ့ Product တွေ၊ Service တွေနဲ့ ချဉ်းကပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်မိတယ်ဗျ။